သောကြာနေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရှိ အစ္စရေးသံရုံးအနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာဟာ ဝန်ကြီးချုပ်မိုဒီနဲ့ အစိုးရထိပ်တန်းအရာရှိတွေ တွေ့ဆုံတဲ့နေရာနဲ့လည်း နီးတယ်လို့ သိရပါတယ်။
ဗုံးဟာ အသေးစားပေါက်ကွဲမှု ဖြစ်ခဲ့ပေမယ့် သံရုံးအနီး ယာဉ်တွေ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။သံရုံး အဆောက်အအုံ ပျက်စီးမှု မရှိသလို ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း ဒေလီရဲတပ်ဖွဲ့က ပြောပါတယ်။
ဒေလီမြို့လယ် လမ်းဘေးတစ်နေရာမှာ ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ အိမ်လုပ်လက်ပစ်ဗုံးကို ထားခဲ့တာ ဖြစ်ပြီး မကြာသေးခင်က လယ်သမားတွေ ဆန္ဒပြမှုအပြီး ဒေလီမှာ လုံခြုံရေးတိုးမြှင့်ထားတာလည်း ဖြစ်ပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားချိန် အဆိုပါနေရာနဲ့ တစ်မိုင်အကွာမှာတော့ ဝန်ကြီးချုပ်မိုဒီဟာ အိန္ဒိယသမ္မတ ရမ်နတ်ကိုဗစ်နဲ့ အခြားထိပ်တန်းအစိုးရအရာရှိတွေနဲ့ နှစ်ပတ်လည် စစ်ရေးအခမ်းအနားတစ်ခုမှာ တွေ့ဆုံနေတာလည်း ဖြစ်ပါတယ်။
အိန္ဒိယရဲတပ်ဖွဲ့က ဒီဗုံးပေါက်ကွဲမှုဟာ လယ်သမားအရေး အာရုံပြောင်းအောင် ဖန်တီးတဲ့ကြိုးပမ်းမှုတစ်ရပ်လို့ ပြောကြားထားပြီး အစ္စရေးအစိုးရက အကြမ်းဖက်မှုအဖြစ် ကိုင်တွယ်နေပါတယ်။
၂၀၁၂ ခုနှစ်က အစ္စရေးသံရုံး ဗုံးဖောက်ခွဲဖို့ ကြံစည်ခံရဖူးပြီး အစ္စရေးသံအမတ်ကား ဗုံးပေါက်ကွဲမှုကြောင့် သံအမတ်ဇနီးအပါအဝင် လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဗုံးပေါက်ကွဲမှုကို အီရန်လက်ချက်အဖြစ် အစ္စရေးက အပြစ်တင်စွပ်စွဲခဲ့ပါတယ်။
_ref:UPI